Dendrobiumဒန်ဒရိုသစ်ခွ
1️⃣ဒန်ဒရိုသစ်ခွဖြစ်ပေါ်လာပုံ
2️⃣စိုက်ပျိုးနည်း
3️⃣ကိုင်းဖြတ်များကို မျိုးပွားယူနည်း
4️⃣အပင်ပေါက်လေးတွေ စိုက်ပျိုးနည်း
5️⃣မတူကွဲပြား #မြန်မာ့ဒန်ဒရိုအမျိုးအစားများ
1️⃣#ဒန်ဒရိုသစ်ခွဖြစ်ပေါ်လာပုံ
ဒန်ဒရိုသစ်ခွကို ၁၇၉၉ခုနှစ်မှာ Olof Swartzဆိုတဲ့သူက စတင်တွေ့ရှိခဲ့ပါတယ်။Dendrobium(ဒန်ဒရိုဘီယမ်)ဆိုတာ ရှေးဂိရိဘာသာစကား dendron(ဒန်ဒရွန်)နဲ့bios(ဘိုင်အိုစ်)နဲ့ပေါင်းထားတာပါ။ dendronက “Treeသစ်ပင်”လို့ အဓိပ္ပာယ်ရပြီး biosကတော့ “Lifeသက်ရှိ၊အသက်ရှင်ခြင်း”လို့ အဓိပ္ပာယ်ရပါတယ်။နှစ်ခုပေါင်းတော့ epiphytic…. သစ်ပင်တွေပေါ်မှာကပ်ပေါက်တဲ့အပင်ပေါ့။
ဒန်ဒရိုမှာမျိုးစိတ်ပေါင်း၁၈၀၀ကျော်ရှိပါတယ်။😲
အာရှနဲ့ ပစိဖိတ်ဒေသတစ်ခွင်မှာ အများဆုံးပေါက်ရောက်ရှင်သန်ကြပါတယ်။#မြန်မာနိုင်ငံမှာပေါက်တဲ့ဒန်ဒရိုအမျိုးအစား၃၉ပင်ထိရှိပါတယ်။ပုံများနဲ့တစ်ကွဖော်ပြပေးပါမယ်ဗျ❤️။
2️⃣#စိုက်ပျိုးနည်း
(၁)#ပျိုးခံအိုး
ဒန်ဒရိုရဲ့အမြစ်ဟာ ဘေးကို အရမ်းကြီးဆန့်မထွက်
တာမို့ အိုးအသေးနဲ့စိုက်ပျိုးနိုင်ပါတယ်။ အမြစ်အုံနဲ့
အိုးရဲ့နှုတ်ခမ်းကြားမှာ တစ်လက်မထက် မပိုတဲ့ အိုး
ကိုရွေးချယ်ရပါမယ်။ဆိုလိုတာက အမြစ်အုံနဲ့ အိုးရဲ့
ဘေးနဲ့ ကြားမှာ နေရာလွတ်က တစ်လက်မခြားပေါ့။
သူက နေရာကြပ်ကြပ်ကိုပိုပြီး ကြိုက်ပါတယ်။
(၂)#ပွားစာ (သေချာဖတ်ရန်)
အုန်းခွံနဲ့စိုက်တာက ပိုကောင်းပါတယ်။
အုန်းခွံကို ပရမ်းပတာ မထည့်ပါနဲ့😕။တည့်တည့်
မတ်မတ်ထောင်ထည့်ပါ။ဒါမှ အပင်လဲ မတ်မယ်။
အတက်သစ်ထွက်ရလည်း လွယ်ကူမယ်။
ပွားစာနဲ့အပင်ကို အိုးထဲမှာ ခပ်ကြပ်ကြပ်စိုက်ပါ။
ချောင်နေရင် အမြစ်သစ်ထွက်တာနှေးပြီး အပင်လှုပ်
ရင် အမြစ်အသစ်တွေ ကျိုးတတ်၊ပျက်စီးတတ်လို့ပါ။#ဒါဟာတခြားသောသစ်ခွတွေနဲ့မတူတဲ့အချက်လေးပါ။
(၃)#နေ
ဒန်ဒရိုက နေရောင်အရမ်းကြိုက်ပါတယ်။မနက်ခင်း
နဲ့နေ့ခင်းလောက်ထိပဲ နေရောင်ရတဲ့နားထားပြီး
မွန်းလွဲနေ၊ညနေ နေရောင်က ပြင်းလွန်းတဲ့အတွက်
ရှောင်ရပါမယ်။
(၄)#ရေ
ဒန်ဒရိုတွေဟာရေကိုသိုလှောင်နိုင်ပါတယ်။
စိုစွတ်နေတဲ့ပွားစာထက်စာရင် ခြောက်သွေ့တာကို
ပိုပြီး ခံနိုင်ရည်ရှိပါတယ်။ဒါကြောင့် အပေါ်ယံပွားစာ
ခြောက်မှ ရေလောင်းပေးပါ။
(၅)#လေ
လေ၀င်လေထွက်ကောင်းခြင်းက မှိုနဲ့ပိုးပွားအန္တရယ်
ကနေ ကာကွယ်ပေးပါတယ်။လေကောင်းကောင်းရဖို့
အတွက် ခြံနဲ့စိုက်တဲ့သူတွေဆို တစ်ပင်နဲ့တပင်ကြား
၅လက်မလောက်ခြားပေးပါ။တိုက်ခန်းထဲ ထည့်ထား
တဲ့သူအတွက် အခန်းကပိတ်လောင်နေရင် ပန်ကာငယ်
လေးနဲ့ လေ၀င်လေထွက်ကောင်းအောင် လုပ်ပေးပါ။
(၆)#အပူချိန်
နေ့အပူချိန် ၆၅-၇၅°F (၁၈-၂၄°C)
ညအပူချိန် ၅၅-၆၀°F (၁၃-၁၆°C)
ပူလွန်းအေးလွန်းတဲ့ နွေနဲ့ဆောင်းရာသီတွေမှာတော့
အပူချိန်ထိန်းညှိနိုင်တဲ့ အိမ်တွင်းမှာထည့်ထားတာက
အကောင်းဆုံးပါ။
(၇)#စိုထိုင်းဆ —၅၀-၇၀%
3️⃣#ကိုင်းဖြတ်များကိုမျိုးပွားယူနည်း
(၁)မျိုးပွားဖို့အတွက် အပွင့် ပွင့်ပြီးသား သို့မဟုတ်
အရွက်ကြွေပြီးသား ရိုးတံအဟောင်းတွေကို ရွေးမယ်
ရိုးတံကို ဖြတ်တဲ့အခါ ပင်စည်အောက်ခြေက မျက်စိ
ကို ချန်ပြီးဖြတ်ပေးပါ။အဲ့ဒီချန်တဲ့မျက်စိကနေ အပင်
အသစ် ပေါက်နိုင်ပါသေးတယ်။
အထူးမှတ်ရန်
ဖြတ်ပြီးသားရိုးတံကို ရိုးတံအလိုက် ပျိုးတာရှိသလို
အဲ့ရိုးတံကို တစ်ဆင့်စီ ပြန်ပိုင်းပြီး ပျိုးတာရှိပါတယ်။
လက်တွေ့စမ်းသပ်ချက်တွေအရ ရိုးတံအချောင်းလိုက်ပျိုးတဲ့သူတွေက တစ်ဆစ်စီပျိုးတဲ့သူတွေ ပိုပြီး အပင်ပေါက်သန်ကြပါတယ်။ အပင်ပေါက်တယ်ဆိုတာ မျက်စိကပဲ ပေါက်တာပါနော်။အချောင်းလိုက်ပျိုးပြီး အပင်သစ်ပေါက်လာမှ ဖြတ်စိုက်တာက ပိုအဆင်ပြေပါတယ်။
(၂)ဖြတ်ပြီးသား ရိုးတံတွေကို အနာကျက်အောင် တစ်
ရက်လောက် လေသဟပ်ခံထားရမယ်။ပြီးရင် မှိုဆေး
စိမ်ရမယ်။ ပျိုးခံပွားစာကိုလည်း မှိုဆေး တစ်နာရီ
လောက်စိမ်ရပါမယ်။ ပြီးရင် ခွက်ပြန့်ပြန့်ပေါ် ပွားစာ
ကို ဖြန့်ခင်းပြီး ရိုးတံတွေကို လှဲပြီး ပျိုးရမယ်။
(၃)နေရောင်တိုက်ရိုက်မကျတဲ့ နေရာ၊အစိမ်းစအမိုးအောက်မှာ စိုက်ရမယ်။
(၄)အစိုဓာတ်အလွယ်တကူမဆုံးရှုံးအောင်၊ အင်းဆက်ပိုး
မွှားတွေ အန္တာရယ်မှ ကင်းအောင် ပျိုးခံပေါ်မှာ ပလပ်
စတစ်အကြည်လေးနဲ့ လေလုံအောင် ပိတ်ရမယ်။
ပွားစာခြောက်တိုင်း ရေဖြန်းဖြန်းပေးရမယ်။
(၅) တပတ်တခါ အမြစ်ဆေး B1 နဲ့
အပင်အားဆေး ၃၀ ၂၀ ၁၀ ကို ကျွေးပေးရမယ်။
🎯တစ်လခွဲမှ နှစ်လအတွင်း
အပင်သစ်ပေါက်ပါတယ်…..🎯 Fightingပါ😁။
——————————–။—————————————
4️⃣#အပင်ပေါက်လေးတွေ_စိုက်ပျိုးနည်း
အပင်ပေါက်လေးတွေစိုက်ပျိုးနည်း
ဒန်ဒရိုအပင်ပေါက်လေးတွေ သို့မဟုတ် ကိုင်းခွဲအပင်ငယ်လေးတွေကို စိုက်တော့မယ်ဆိုရင် အောက်ပါအတိုင်းပြုလုပ်ပါ။
✓ခြင်းသို့မဟုတ် အိုးကိုရွေးမယ်။
အပင်ပေါက်တွေအတွက် သုံးလက်မ သို့မဟုတ်
လေးလက်မရှိတဲ့ခြင်း/အိုးတွေက အသင့်တော်ဆုံးပါ။
ခြင်း/အိုးက အပင်ထက် ပိုကြီးနေရင် အမြစ်ရေနာပြီး
ပုပ်တတ်လို့ပါ။
✓မစိုက်ခင်
အပင်ပေါက်လေးတွေကို B1နဲ့ စပ်ဖျော်ထားတဲ့အထဲ ၁၅မိနစ်လောက် စိမ်ပေးပါ။ဒီနေရာမှာ
သတိထားရမှာက အပင်ငယ်လေးတွေဖြစ်တဲ့အတွက် ဘာဆေးပဲဖြစ်ဖြစ် အချိုးအစားကိုလျော့ပါ။ ဆေးပျော့ပျော့ပဲသုံးပေးပါ။
အုန်းခွံတွေကိုလည်း မှိုဆေးစိမ်းပေးရပါမယ်။
✓အပင်ပေါက်လေးတွေအများစုက
အမြစ်သစ်ထွက်ခါစလေးတွေလည်း ပါသလို အမြစ်
လုံး၀မထွက်သေးဘဲ ပင်ရင်းရိုးတံအအဟောင်းကို
အားပြုနေဆဲ အပင်လေးတွေလည်း ရှိပါတယ်။
ဒါကြောင့် စစိုက်ပြီဆို အမြစ်လေး မထိခိုက်အောင်
ဂရုစိုက်ရပါမယ်။
✓အမြစ်မထိခိုက်အောင်
အမြစ်ကို အုန်းခွံနဲ့ပတ်ပြီး ခြင်းထဲထည့်တာထက်
ခြင်းထဲ အုန်းခွံထည့်ပြီး အပေါ်မှာတင်စိုက်တာက
ပိုကောင်းပါတယ်။
✓အုန်းခွံကို ခြင်းထဲ
အလွယ်တကူထည့်လို့ရအောင်ဆို အုန်းခွံကို တူတို့
ဓားနှောင့်တို့နဲ့ ထုရိုက်ပြီး ထည့်တာက ပိုအဆင်ပြေပါ
တယ်။မထုရိုက်ရင် တောင့်တောင့်ကြီးနဲ့ ခြင်းထဲ ထည့်
ရ အဆင်မပြေပါဘူး။
✓စိုက်ပြီးစမှ ရေလောင်းတော့မယ်ဆို
နေ့တိုင်း သို့မဟုတ် သုံးရက်တခါ ရေဖြန်းပေးရပါမယ်
အပင်ကို အုန်းခွံနဲ့စိုက်ပေမယ့် အုန်းခွံထဲ အမြစ်
မရောက်သေးလို့ ရေအမြဲလိုအပ်ပါတယ်။အမြစ်တွေ
အုန်းခွံမှာ တွယ်ကပ်ပြီဆို သုံးရက်တခါ ရေလောင်းရင်
ရပါပြီ။
✓ ဆေးကျွေးမယ်။
အပင်ငယ်တုန်းမို့အပင်အားဆေး ၃၀ ၂၀ ၁၀။
စိုက်စမို့ အမြစ်ဆေး B1 တပတ်တခါပုံမှန်။
မှိုဆေးက နှစ်ပတ်တခါ ။
အရွယ်ရောက်ပြီဆိုရင်တော့ ၁၀ ၅၂ ၁၇ကျွေးပြီး
ပွင့်အောင်လုပ်လိုက်တော့🎯။
5️⃣#မတူကွဲပြား_မြန်မာ့ဒန်ဒရိုများ
သိပ္ပံအမည်။ မြန်မာအမည်။ ပေါက်ရာဒေသ။
👇 👇 👇
၁။ Dendrobium aggregatum- ရတနာရွှေခက် (တောင်ငူ၊ ရေတာရှည်၊ ကျောက်ကြီး၊ အုတ်တွင်း၊ ညောင်လေးပင်၊ သံတွဲ၊ ဂွ၊ တောင်ကြီး၊ ရပ်စောက်၊ မိုင်းပန်၊ လွိုင်ကော်၊ ဘားအံ၊ လှိုင်းဘွဲ့၊ သီပေါ၊ ပြင်ဦးလွင်၊ ပျဉ်မနား၊ လယ်ဝေး၊ ရမည်းသင်း၊ မော်လိုက်၊ ကလေး၊ အင်းတော်)
၂။ Den-arachnites- သဇင်နီ (ချင်းတောင်၊ ပလက်၀၊ တနင်္သာရီ)
၃။ Den-bensoniae- ပုလဲနှစ် (ပဲခူး၊ မော်လမြိုင်၊ တနင်္သာရီ၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်)
၄။ Den-capillipes- ဖယောင်းခြေတို (ရပ်စောက်၊ ချင်းတောင်၊ သရက်)
၅။ Den-calceolaria- ကျွဲလိပ်ပြာ (မုဒုံ၊ တောင်ငူခရိုင်၊ ရှမ်းပြည်)
၆။ Den-cariniforum- မဟာဒေဝီ (ဗန်းမော်၊ တောင်ကြီး၊ ပင်လောင်း၊ လွိုင်ကော်)
၇။ Den-chrysotoxum- ရွှေတူ/မောက်ခမ်းဝါ (မင်းလှ၊ မင်းတုန်း၊ လက်ပံတန်း၊ တောင်ငူ၊ ရေတာရှည်၊ ရေဖြူ၊ ကျောက်ကြီး၊ ညောင်လေးပင်၊ ထား၀ယ်၊ မိုင်းပန်၊ ကော့သောင်း၊ ရပ်စောက်၊ လွိုင်ကော်၊ ဘားအံ၊ လှိုင်းဘွဲ့၊ မင်းတပ်၊ လာရှိုး၊ မန္တလေး၊ စဉ့်ကူ၊ ပြင်ဦးလွင်၊ ကြံခင်း၊ သပိတ်ကျင်း၊ မြန်အောင်၊ ပျဉ်းမနား၊ လယ်ဝေး)
၈။ Den-chrysotoxum- ရွှေတူအာမဲ (မန္တလေး၊ ပြင်ဦးလွင်၊ စဉ့်ကူ)
၉။ Den-crassinode- မြဆစ်ကြိုး (တောင်ကြီး၊ ကလော)
၁၀။ Den-crepidatum- ဂနိုင်နဘေးပေါက် (ကျောက်ကြီး၊ မောက်မယ်၊ တောင်ကြီး၊ လွိုင်ကော်၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ဟားခါး၊ ပြင်ဦးလွင်၊ တောင်ကုတ်)
၁၁။ Den-cruminatum- ငွေဂျိုးဖြူ (ထား၀ယ်၊ ကော့သောင်း၊ ရေဖြူ)
၁၂။ Den-crystellium- စက္ကူပန်း (တနင်္သာရီ၊ ရခိုင်၊ ပြင်ဦးလွင်၊ တောင်ငူ၊ ဗန်းမော်၊ ကလေး)
၁၃။ Den-densifolium- တစ်ခိုင်လုံးရွှေ (ပြင်ဦးလွင်၊ ကလော)
၁၄။ Den-draconis- ကိန္နရီ (တပ်ကုန်း၊ တောင်ငူ)
၁၅။ Den-criaeflorum- သဇင်ကြက်ချေး (အင်းစိန်)
၁၆။ Den-falconeri- မြက်သစ်ခွ (ဖလမ်း၊ မိုးမိတ်၊ ကလော)
၁၇။ Den-farmeri- ငွေတူကလေး (ဂွ၊ ရေတာရှည်၊ ဟုမ္မလင်း)
၁၈။ Den-findlayanum- ရွှေဆစ်ကြိုး (တောင်ကုတ်၊ မော်လမြိုင်)
၁၉။ Den-fimbriatum- အာမဲလက်တံတို (ဘူးသီးတောင်၊ ကလော၊ သပိတ်ကျင်း၊ လွိုင်ကော်၊ ပလက်၀၊ မော်လမြိုင်)
၂၀။ Den-fimbriatum- အာမဲလက်တံရှည် (ပြင်ဦးလွင်၊ ကသာ)
၂၁။ Den-formosum- ငွေတူ (လက်ပံတန်း၊ ရေဖြူ၊ ဘားအံ၊ ကျောက်ဖြူ၊ မော်လမြိုင်၊ မုဒုံ၊ ကြာအင်း)
၂၂။ Den-fytchianum- ခွါညိုသစ်ခွ (ကြာအင်း၊ ကျိတ်မရော၊ သံဖြူဇရပ်)
၂၃။ Den-infundibulum- တောင်ငွေတူ (တောင်ကြီး၊ မင်းတပ်၊ တီးတိန်၊ ဖလမ်း၊ ဟားခါး)
၂၄။ Den-jenkinsi- ရွှေဝါကလေး (မြန်မာ တစ်ပြည်လုံး)
၂၅။ Den-laciniosum- ကြက်တောင်ပန်း (မြန်မာတစ်ပြည်လုံး)
၂၆။ Den-logicornu- ကိန်နရာ (ဟာခါး)
၂၇။ Den-moschatum- ဝါဆိုပန်း (မင်းတုန်း၊ ပန်းတောင်း၊ လှည်းကူး၊ အုတ်ဖို၊ ရွှေကျင်၊ ထား၀ယ်၊ ကလေး၊ ကော့သောင်း၊ ကြံခင်း၊ ငပုတော၊ ပြင်ဦးလွင်၊ လယ်ဝေး၊ မော်လိုက်၊ ဟုမ္မလင်း၊ အင်းတော်)
၂၈။ Den-nobile- ဒေါင်းမြီးသစ်ခွ (မင်းတပ်)
၂၉။ Den-ochreatum- တောင်နဘေးပေါက် (မော်လိုက်)
၃၀။ Den-parishii- ခရမ်းရောင်လွင်ပြင် (နောင်ချို၊ မိုးမိတ်၊ တောင်ကြီး၊ တောင်ငူ၊ မင်းတပ်၊ ကလေး၊ ဟုမ္မလင်း၊ ကျွန်းလှ၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး၊ ဗန်းမောက်၊ ဖောင်းပြင်)
၃၁။ Den-pierardii- ခမောက်ကြိုး (ပေါက်ခေါင်း၊ ပေါင်းတည်၊ နတ္တလင်း၊ ရေတာရှည်၊ ဘားအံ၊ ညောင်လေးပင်၊ တောင်ကြီး၊ ကလော၊ ကြံခင်း၊ ငပုတော၊ လှိုင်းဘွဲ့၊ မတူပီ၊ ကန်ပက်လက်၊ တပ်ကုန်း၊ ရမည်းသင်း၊ ကလေး၊ ဟုမ္မလင်း၊ ဗန်းမောက်)
၃၂။ Den-primulinum- သင်းကြူကြူ (ရွှေကျင်၊ မန္တလေး၊ ဖောင်းပြင်၊ ကလေး၊ မင်းတပ်)
၃၃။ Den-pulchellum- ဆင်မမျက်ကွင်း (မြန်မာတစ်ပြည်လုံး)
၃၄။ Den-rhodopterygium- ခွါညိုကြီး (တနင်္သာရီ၊ မော်လမြိုင်)
၃၅။ Den-scabrilingue- မညှိုးပန်း (မော်လမြိုင်၊ ထား၀ယ်)
၃၆။ Den-secundum- ပတ္တမြားသစ်ခွ (တနင်္သာရီ၊ ရခိုင်)
၃၇။ Den-thyrsiflorum- တစ်ခိုင်လုံးငွေ (ကလော၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ကျောက်ကြီး)
၃၈။ Den-tortile- သူယောင်ပန်း (တောင်ငူ၊ ရေတာရှည်၊ တပ်ကုန်း)
၃၉။ Den-wardianum- သုံးပန်လှသစ်ခွ (တောင်ကြီး)
Credit>>>Original Uploader Reference’s; KyiMyintMoe
KoSaiNaung
Wikipedia
http://www.wikihow.com
Photos From our own Plants and Internet
💕Thanks for Reading 💕